နတ်မောက် မတ် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် အော်စတာပန်းများ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်းများစိုက်ပျိုးရန်အတွက် ပျိုးပင်များကို ပြင်ဦးလွင်ပန်းမျိုးခြံမှ ဝယ်ယူပြီး ပျိုးပင်တစ်ပင်၏တန်ဖိုးမှာ ပန်းအမျိုးအစားအလိုက် ငွေကျပ်(၂၅)ကျပ်မှ (၃၀)အထိ အမျိုးမျိုးဝယ်ယူစိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီး (၃)လအကြာတွင်ပန်းများ စတင်ဖူးပွင့်ပြီး ရောင်းချရကြောင်း ပန်းစိုက်ပျိုးရောင်းချသူ မစန်းကပြောပြ၍ သိရသည်။
ပန်းပင်များ စိုက်ပျိုးရာတွင်အပင်များ သန်မာပြီးကိုင်းဖြာမှုကောင်းစေရန် သဘာ၀မြေဩဇာဖြစ်သည့် နွားချေးများကို အခြေခံအဖြစ် အသုံးပြု၍ မြေအနေအထားပေါ်မူတည်ပြီး မြေဘောင်များပြုလုပ်ကာစိုက်ပျိုးရကြောင်း၊ အော်စတာပန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၇၀၀၀၀) ခန့်စိုက်ပျိုးရပြီး မြေအောက်ရေဖြင့် ရေသွင်းပေးမှုကြောင့်အပင်များ အမြဲစိမ်းလန်း၍ ရောင်းချရာတွင် လူကြိုက်များကြောင်းနှင့် ပန်းများလှိုင်လှိုင်ပေါပါက နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးစျေးတွင် ရောင်းချခြင်း၊ လက်ကားလိုချင်သူများအတွက် လက်ကားဖြန့်ဖြူးပေးရခြင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်းသို့လည်း လိုက်လံရောင်းချရသောကြောင့် တစ်နေ့ကို အော်စတာပန်းရောင်းရငွေ (၂၅၀၀၀)ကနေ (၃၀၀၀၀)အထိရရှိတဲ့အတွက် ကျွန်မတို့ မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်ဟု န-လက်ခုပ်ပင်ကျေးရွာ ပန်းစိုက်သူ ဒေါ်ပြားကြီး ကပြောသည်။
လှဝင်း