မိုးနဲ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာများ အသိပညာပေးရှင်းလင်းဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရှင်းလင်းဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေး၊ အထက်တန်းပြဆရာမ ဒေါ်သီသီထွန်းနှင့် အထက်တန်းပြဆရာမ ဒေါ်နန်းလေးလေးစုဝေတို့က (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာအထက်တန်းအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရန် (၁)အခြေခံပညာအထက်တန်းဆင့်၊ (၂)စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊ (၄)မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘနှင့်(Grade-9)ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)