တောင်သာမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များ ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း ဆောင်ရွက်ပေး

တောင်သာ မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပုံမှန်အားဖြင့်မွေးစမှ အသက်(၁)နှစ်အောက်ကလေးငယ်များအတွက် ထိုးနှံပေးခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှထိုးနှံခြင်းမရှိသော(၂)နှစ်အောက် ကလေးငယ်များကိုပါ လိုအပ်သည့်ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ယခုထိုးနှံပေးသည့်ကာကွယ်ဆေးများမှာ မွေးကင်းစမှအသက်(၂) နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့ကြက်ညှာမေးခိုင် အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် အစရှိသည့် (၅)မျိုးစပ် ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး/သောက်ဆေး(အစက်ချ)တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်းရက်များဖြစ်သည့် လဆန်း(၁) ရက်နှင့် (၂)ရက်နေ့များတွင်လည်းကောင်း လလယ်ရက်များဖြစ်သည့် (၁၅)ရက်၊ (၁၆) ရက်နေ့များတွင်လည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက  ဆေးရုံဝန်းအတွင်း ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကာကွယ်ဆေးထိုးလာသည့်မိခင်များအား ပေါင်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)