ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့်စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် မတ် ၃

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို မတ်လ(၃)ရက်၊ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ကျောင်းသူများက စာရေးဆရာမောင်မင်းစိုးရေးသားသည့် “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” စာအုပ်ပါ အကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင် ကျောင်းသားများနှင့်ကျောင်းသူများက ယခုစာအုပ်တွင်စာရေးဆရာသည် အထက်တန်းစားနှင့်အောက်တန်းစား ဆိုသည့်အချက်ကို မိမိတို့ပတ်ဝန်းကျင်ရှိ ထင်သာမြင်သာသောအရာများဖြင့် ခိုင်းနှိုင်းသွားသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ အထူးသဖြင့် အထက်တန်းစားစိတ်ဓာတ်ထားရှိသူတစ်ဦးဖြစ်နိုင်ရန် စိတ်ဓာတ်ခွန်အား၊ အကျင့်ဆိုးတွေကိုပြုပြင်နိုင်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ မိသားစုအလိုက်(သို့မဟုတ်)အဖွဲ့အစည်းတစ်ခု၏ လိုအပ်ချက်ကို မိမိစွမ်းဆောင်နိုင်သည့်ဘက်မှဖြည့်ဆည်းပေးနိုင်မှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ အချို့အကြောင်းအရာများအတွက်လိုအပ်ပါက ရှေးဟောင်းနည်းလမ်းများကိုအသုံးမပြုပဲ နည်းလမ်းသစ်များတီထွင်ဖန်တီးနိုင်မှု စသည့်အကြောင်းအရာများကို ရှင်းလင်းစွာရေးသားထားသည့်အတွက် ယနေ့ခေတ်လူငယ်များအနေဖြင့် မဖြစ်မနေဖတ်ရှုသင့်သည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည့်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)