ဟိုပင်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ကျင်းပ

ဟိုပင်     ဖေဖော်ဝါရီ    ၂၈           

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာ ဇေတဝန်ကျောင်းတိုက်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့သစ်ကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းဇော်က အမှာစကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ဟိုပင်မြို့ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်အောင်ဗိုလ်ဗိုလ်ကျော်က တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ဟိုပင်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်မျိုးဝင်းက သီးပင်စားပင်များ စနစ်တကျစိုက်ပျိုးနည်းနှင့် ဓာတ်မြေသြဇာစနစ်တကျ သုံးစွဲနည်းများကို လည်းကောင်း၊ ဟိုပင်မြို့ စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းမင်းဇော်က ခေတ်မီစက်ကိရိယာများ အသုံးပြု၍ လယ်ယာမြေများ၊ မြေလွတ်မြေရိုင်းများ ဖော်ဆောင်ပေးရေးနှင့် စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေပါကြောင်း၊ လယ်/စီ/အင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းက လယ်မြေပုံစံ(၇) မရရှိသေး သည့်တောင်သူများ လျှောက်ထားနိုင်ကြောင်းနှင့် လယ်ယာမြေ ဥပဒေများကိုလည်းကောင်း၊ ဟိုပင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက လျှပ်စစ်ကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်နှင့် လျှပ်စစ်အန္တရာယ်မရှိအောင် ရှောင်ရန်/ ဆောင်ရန်များကိုလည်းကောင်း၊ ဟိုပင်မြို့ ကျန်းမာရေး ဌာနက သားဖွားဆရာမ ဒေါ်အိအိမွန်က  Coronavirus အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း အသီးသီး အသိပညာပေး  ဆွေးနွေး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူ စုစုပေါင်း  ၁၁၅ ဦးတို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် အစဉ်သတိပြုဖွယ်   လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝဘေး အန္တရာယ် အသိပညာပေး ရွှေနဒီ နံရံကပ်စာစောင်၊ စာအုပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲတို့ကို ပြည်သူများက  ကြည့်ရှုအားပေးခဲ့ကြကြောင်း  သိရသည်။

တိုးတိုးမေ(ဟိုပင်)