သိန္နီ မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်သိန္နီမြို့တွင် တပေါင်းပွဲတော် ဘုရားပင့်ဆောင်ခြင်းနှင့် ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီအချိန်စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
ဘုရားပင့်ဆောင်ရာ၌ သိန္နီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများအား ပင့်ဆောင်လာခဲ့ပြီး မဟာမြတ်မုနိဘုရားကြီး အတွင်း၌ ကိန်းဝပ်စံပယ်ခြင်းဖြစ်သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များနှင့် မြို့နေပြည်သူများက နမောတဿ (၃)ကြိမ် ရွတ်ဆိုခြင်း၊ သြကဿကန်တော့ချိုးဖြင့် ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီး မိုင်းလီကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီး၊ ရွှေသင်္ကန်း အစရှိသည်များဖြင့် ဆပ်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ သိန္နီမြို့ ရွှေမြင်သာ ကျောင်းတိုက် ဆရာတော်က တရားရေအေးတိုက်ကျွေးရာ ပရိသတ်များမှ ရိုသေစွာ နာယူခဲ့ကြပြီး ကုသိုလ်ကောင်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ တန်ခိုးကြီး ဘုရားများ ကိန်ဝပ်စံပယ်ရာ မဟာမြတ်မုနိ ဘုရားကြီးတွင် ဘုရားဖူးလာပရိသတ်များအတွက် ပွဲတော်ရက်အတွင်း နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီ အထိ လာရောက်ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တပေါင်းပွဲတော်အား မတ်လ (၂)ရက် နေ့မှ (၆)ရက်နေ့ အထိ (၅)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သိန္နီမြို့ မြို့လယ်ကျောင်းအနီး တပေါင်းပွဲပြုလုပ်ရာကွင်း အတွင်း၌ ရပ်နီး၊ ရပ်ဝေးမှ လာရောက်လည်ပတ်ကြသည့် ပြည်သူများလည်း များပြားလျက်ရှိကြောင်း မြို့နယ် ထေရဝါဒ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)