(၇၅) နှစ်ပြည့် စိန်ရတု သစ္စာဓိဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ချမ်းအေးသာစံ မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင် တည်ရှိသော ရှေးဟောင်သမိုင်းဝင် တန်ခိုကြီးဘုရား တစ်ဆူဖြစ်သည့် သစ္စာဓိဌာန် ရွှေစာရံစေတီတော်ကြီး၏ (၇၅) နှစ်ပြည့် စိန်ရတုဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တပေါင်း လပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့အထိ တမူထူးခြားစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်ဘုရားပွဲတော်ကြီး ကျင်းပခြင်းက (၇၅) နှစ်ပြည့် စိန်ရတုနှစ် ဖြစ်နေသည့်အတွက်ကြောင့် ယခင်နှစ်တွေထက် တမူထူးခြားပြီး ပွဲတော်ကြီးကို စည်ကားအောင် ဆောင်ရွက်နေပါတယ်။ ၁၃၈၄ခုနှစ် တပေါင်းလပြည့်နေ့မှာ ရွှေစာရံစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်တဲ့ လုပ်ငန်းလုပ်မယ်။ ကျေးရွာတွေကနေ ရိုးရာထမနဲပွဲကို နံနက် ၃ နာရီခွဲကနေ နံနက် ၇ နာရီထိ ထမနဲပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဘုရားကို ထမနဲဆွမ်းတော်ကပ်ပြီး ဘုရားဖူးလာရောက်ကြသူများကိုလည်း စတုဒီသာကျွေးမှာ ဖြစ်ပါတယ်။ ဒီနှစ်က စိန်ရတုနှစ်နဲ့ ကြုံနေသည့်အတွက် တမူထူးခြားပြီး တပေါင်းလပြည့်နေ့၊ လပြည့်ကျော် ၇ ရက်နေ့နဲ့ လပြည့်ကျော် ၈ ရက်မှာ ရွှေစာရံရွာသူရွာသားကောင်းမှု၊ တပေါင်းလပြည့်ကျော် တစ်ရက်နေ့ ကျွဲနဖားကျေးရွာအုပ်စု ရွာသူ ရွာသားများကောင်းမှု၊ တပေါင်းလပြည့်ကျော် ၂ ရက်နဲ့ လပြည့်ကျော် ၃ ရက်နေ့တွင် အုန်းချောကျေးရွာမှ ရွာသူရွာသားများ ကောင်းမှု၊ တပေါင်းလပြည့်ကျော် ၄ ရက်နေ့မှာ ကြူဝန်းကျေးရွာမှ ကျေးရွာသူ ကျေးရွာသား ကောင်းမှု၊ တပေါင်း လပြည့်ကျော် ၅ ရက် ဆည်တော်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားကောင်းမှု၊ တပေါင်းလပြည့်ကျော် ၆ရက် ကျောက်ချောကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားကောင်းမှုတို့ဖြင့် နံနက်ပိုင်းတို့တွင် ထမနဲစတုဒီသာကျွေးပြီး ညနေပိုင်းတွေမှာ ဓမ္မစင်္ကြာရွတ်ခြင်းဖြင့် ရွတ်ဖတ်ပူဇော်သွားဖို့ စီစဉ်ထားပါတယ်။ တပေါင်းလပြည့်ကျော် ၉ ရက်နေ့တွင် ပင့်သံဃာ အပါး ၂၀၀ တို့ကို ရွှေစာရံ‌ဘုရား ဂေါပကအဖွဲ့မှ ဦးစီး၍ အများကောင်းမှုဖြင့် စာရေးတံမဲများ လောင်းလှူသွားမှာဖြစ်ပြီး ၄င်းညတွင် ဗုဒ္ဓပူဇနိယပွဲတော်အား တရားပွဲဖြင့် အောင်မြင်စွာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။" ဟု သစ္စာဓိဌာန် ရွှေစာရံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

သစ္စာဓိဌာန် ရွှေစာရံစေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၄၁၆ ခုနှစ်တွင် ဘုရားဒါယိကာမ မိုင်းမောဝ်ဧကရီ လှ‌ဒေဝီစောမွန်လှ (ရှမ်းပြည်နယ်အခေါ်) စဝ်မွမ်းလမှ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ရှေးအစဉ်အလာမပျက် ‘ရှမ်းစျေးတန်း’ ကိုလည်း ရှမ်းပြည်နယ်မှ ကုန်သည်များက ရှမ်းပြည်နယ်ထွက် ကုန်စည်ပစ္စည်းနှင့် အစားအစာများကို သီးသန့်ခင်းကျင်း ရောင်းချနိုင်ရန် အထူးစီမံနေရာချထား၍ သတ်မှတ်ပေးရကြောင်း၊ ထန်ရွက်ပုတီးသည် ရွှေစာရံဘုရားပွဲတော်၏ ထင်ရှားသော ဒေသထွက်ပစ္စည်းဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)