ဒဂုံဆိပ်ကမ်း မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ကိုလိုနီခေတ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသော အခါတွင် မြန်မာလယ်သမားအများစု လယ်ယာမဲ့ဘဝသို့ရောက်ရှိသွားရာမှ ၁၉၃၀ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်လာပုံ၊ ယင်းအရေးတော်ပုံကို ဆရာစံက ‘’သုပဏကဂဠုန်ရာဇာ’’ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့်ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း အရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားတို့၏စိတ်တွင် တော်လှန်ရေး စိတ်ဓာတ်များနိုးကြားလာခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တောင်သူလယ်သမားနေ့ကို ၁၉၆၃နှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ကြသော်လည်း (၂.၃.၁၉၆၄) နေ့မှ (၆.၃.၁၉၆၄) ရက်နေ့အထိ တောင်ငူမြို့၊ ခပေါင်း ကျေးရွာတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း၊ ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့် နှစ်ကစပြီး မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ်ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသဖြင့် မတ်လ ၂ ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို We Love Dangon Seikken Pageနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။