"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့မှ နွေရာသီအခြေခံ အားကစားသင်တန်းသားများအတွက် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်

ဟိုပန် မတ် ၂

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် နွေရာသီ အခြေခံအားကစားသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသားများအား ယမန်နေ့ ညနေ(၃)နာရီက "၀" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ အာဟာရအားဖြည့်အချိုရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ထောက်ပံ့ရာတွင် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နွေမိုးအေးနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များက ဟိုပန်မြို့နယ်၊ အားကစားရုံ၌ ဖွင့်လှစ်ထားသည့် ဘောလီဘော၊ စားပွဲတင် တင်းနစ်နှင့် လက်ဝှေ့ စသည့် အားကစားနည်းများ လေ့ကျင့်သင်ကြားပေးနေသည့် အခြေအနေများကို ကြည့်ရှု အားပေး၍ အာဟာရ အားဖြည့်အချိုရည်ဘူးများ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သင်တန်း၌ ဘက်စကတ်ဘောအားကစားနည်းတွင်(၂၀)ဦး၊ ဘောလီဘောတွင် (၂၀)ဦး၊ စားပွဲတင်တင်းနစ်တွင် (၁၀)ဦး၊ လက်ဝှေ့တွင်(၁၀)ဦးနှင့် ဘောလုံး အားကစားနည်းတွင်(၉၀)ဦး စုစုပေါင်း ကျောင်းသား/သူ၊ လူငယ်(၁၅၀)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကို  ဖေဖော်ဝါရီလ(၂၁) ရက်နေ့မှ  မတ်လ(၇) ရက်​နေ့အထိ ဖွင့်လှစ်သင်ကြား  သွားမည်ဖြစ် ကြောင်း  ဟိုပန်မြို့နယ်၊ အားကစားနှင့် ကာယပညာဉီးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)