မောက်မယ်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းစတင်ဖွင့်လှစ်

မောက်မယ် မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီ အခြေခံအားကစားသင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားသင်တန်းတွင် မတ်လ(၂)ရက်နေ့မှ စတင်ကာ မတ်လ(၂၀)ရက်နေ့အထိ ဖွင့်လှစ်လေ့ကျင့် သင်ကြား ပေးသွားမည်ဖြစ်ပြီး အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် အေရိုးဗစ်သင်တန်းများ(၆)မျိုးအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး စိတ်ပါဝင်စားစွာဖြင့် သင်တန်းသို့လာရောက် တက်ရောက်ကြ ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးစိုင်းမြင့်ဆွေထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)