ဗဟန်းမြို့နယ်တွင် နွေရာသီရိုးရာခြင်းလုံး(အခြေခံ) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ဗဟန်း မတ် ၂

မြန်မာ့ရိုးရာခြင်းလုံး အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် နွေရာသီမြန်မာ့ ရိုးရာခြင်းလုံး (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ကျန်းမာသုခခြင်းလုံးအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေးတို့က သင်တန်းအတွက် လိုအပ်သော ခြင်းလုံးနှင့် နည်းပြစရိတ်များကို ပံ့ပိုးပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်မှ လက်ခံရယူ သည်။

အဆိုပါသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ နံနက် (၈)နာရီမှ (၁၀)နာရီထိ ၁ လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး နည်းပြချုပ်ဆရာ ဦးအေးလွင် သင်ကြားပြသမည်ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား (၄၀)ဦး တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ ရန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းနှင့် အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုးထွေး၊ ဗဟန်းမြို့နယ် ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမ ံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးခိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ(၄၀)ဦး၊ နည်းပြဆရာများ၊ မြို့နယ်ဒုတိယပညာရေးမှူးများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

စန္ဒာဌေး(ပြန်/ဆက်)