ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ အ.ထ.က (ကျုံး) RCC (၁) ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ပင်းတယ မတ် ၂  

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၈)ရက် ညနေ(၃)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အ.ထ.က(ကျုံး) ကျောင်းတွင် ပွင့်ဖြိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် လျက်ရှိသော စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း  RCC (၁)ထပ် ကျောင်းဆောင်သစ် တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပင်းတယမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျုံးကျေးရွာအုပ်စု ရွှေတက်လမ်းအစုအဖွဲ့၏ အာလူးအအေးခန်း(၂၅၀)တန်ကျ စက်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဒေသတွင် စိုက်ပျိုးသည့် အာလူးများကို ကြည့်ရှုကြသည်။

ဆက်လက်၍ ညနေ(၄)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပင်းတယမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဒေသဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထား ရှိမှုအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံများမှ တင်ပြချက်အပေါ် မြေပြင်ကွင်းဆင်း ဆောင်ရွက်စေပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လက်ခံရယူကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )