နေပြည်တော် မတ် ၂
နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ(၂) နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာရှိသည့် ဗီဒီယို/ကာရာအိုကေ လုပ်ငန်းလုပ်ကိုင် သူများအနေဖြင့် တရားမဝင်လုပ်ကိုင်သူမျိုးမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ ကျေနပ်မှုရရှိစေပြီး လူငယ်များ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် တစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုဆွေးနွေးပွဲမှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပွင့်ပွင့် လင်းလင်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ယခင်အစည်းအဝေး၏ ဆုံးဖြတ်ချက် များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)