ကျောက်ဖြူ မတ် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
ထိုသို့ ကရာတေးဒိုသင်တန်းအား သင်တန်းနည်းပြ ဆရာ(၃)ဦးဖြင့် ဖွင့်လှစ်ပြလျက်ရှိရာ မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များက စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။ သင်တန်းဖွင့်လှစ်နေမှုနှင့် ပတ်သက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က “ကျွန်တော်တို့ အခုလို နွေရာသီ ကရာတေးဒို အားကစား သင်တန်းကို ဖွင့်လှစ်ပြသပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးတွေဟာ နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမှာ အပေါင်းအသင်းတွေနဲ့ လမ်းပေါ်မှာ အချိန်တွေကို အလဟသမကုန်ဆုံးစေတော့ဘဲ အားကစားဘက်တွေကို စိတ်ပါဝင်စားလာမှာ ဖြစ်သလို မိမိကို မတရားအနိုင်ကျင့်ရန်မူလာတဲ့ လူတွေကိုလည်း ပြန်လည်ခုခံ ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြီးတော့ မြို့နယ်အတွင်းမှာထူးချွန်ထက်မြက်တဲ့ အားကစားသမားတွေ ဖြစ်လာမယ်၊ မြို့နယ်ကတစ်ဆင့် ခရိုင်၊ ခရိုင်ကတစ်ဆင့်ပြည်နယ်၊ ပြီးတော့ နိုင်ငံကိုယ်စားပြုတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်လာကြမယ်” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပြသခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ဖေဖော်ဝါရီ(၂၈)ရက်နေ့မှ မတ်လ(၂၃) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မြန်မာ့သိုင်း၊ ဘောလုံး၊ မြန်မာ့ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ်စသည့် အားကစားနည်းသင်တန်းများကို မတ်လ (၃)ရက်နေ့မှ (၂၃)ရက်နေ့အထိ မြို့မအားကစားဘောလုံးကွင်းကြီးနှင့် ငလပွေ့ရပ်ကွက်ရှိ ဘုရားရှေ့ကွင်းတို့၌ သင်တန်းနည်းပြဆရာ(၁၀)ဦးတို့ဖြင့် အခမဲ့ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)