ဗန်းမော် စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုးမြှင့်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ ကားလမ်းမပေါ်၌ ယနေ့က မြစ်ရေကျော်မှုဖြစ်ပွားခဲ့ရာ သွားလာရေး အဆင်ပြေစေရန် သက်ဆိုင်ရာ ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစ်ရေတိုးမြင့်လာမှုကြောင့် ယနေ့ နံနက် ၇ နာရီခွဲမှ စတင်၍ ဗန်းမော်မြို့နယ် မြလယ်ကျေးရွာ၊ လုံကန်ဘုရားအနီး၊ မိုင်တိုင်အမှတ်(KM 260.5)နှင့် (KM 261.5) အကြား၌ ရေဝပ်အလျား(၈၀)ပေ မြစ်ရေ(၁)ပေခန့် လည်းကောင်း၊ မြလယ်ကျေးရွာနှင့် ကောင်းတုံကျေးရွာအကြား မိုင်တိုင်အမှတ်(KM 264.5)နှင့် (KM 265.5)အကြား၌ ရေဝပ်အလျား (၁၀၀)ပေ မြစ်ရေ(၁)ပေခွဲခန့် လည်းကောင်း၊ ကောင်းတုံ အောင်မြေဘုရားအနီး၌ ရေဝပ်အလျား (၁၅၀)ပေ မြစ်ရေ(၈)လက်မခန့် လည်းကောင်း ဗန်းမော်-မန္တလေးမဟာဗျူဟာ ကားလမ်းမပေါ် အသီးသီး ရေကျော်ခဲ့ရာ မော်တော်ကား ယာဉ်ငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်ခြင်း မရှိတော့ဘဲ ကားကြီးများသာ ဖြတ်သန်းသွားလာ လျက်ရှိပြီး စင်းခန်းချောင်းကူး တံတား လုံခြုံရေးတာဝန်ကျ နယ်မြေခံတပ်မှ ဗိုလ်ကြီးရဲလင်းကိုနှင့် စင်းခန်းနယ်မြေရဲစခန်းမှူး ရဲအုပ်စန်းညွန့်၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်နှင့်အဖွဲ့၊ စင်းခန်း လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး နှင့်အဖွဲ့၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က ယာဉ်လမ်း ကြောင်း မှန်ကန်စေရေးအတွက် လမ်းဘေးမှတ်တိုင်များ စိုက်ထူပေးခြင်း၊ ယာဉ်များ သွားလာရေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်သူများသွားလာရေး အဆင်ပြေစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ရေကျော်သည့်နေရာများ၌ ရေဆက်လက်မြှင့်တက်လျက်ရှိနေပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမြင့်အောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင် တို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့လည် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၀၅)စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ် ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်သည်။
အလားတူ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းဖြစ်သည့် ခွန်သာရပ်ကွက်အတွင်း မြစ်ရေဝင်ရောက် လာခြင်းကြောင့် လေးထပ် ဘုန်းတော်ကြီး ကျောင်း၌ အိမ်ထောင်စု(၄၆)စု လူဦးရေ(၂၁၈)ဦး၊ မင်းစည်ဘုန်းတော်ကြီး ကျောင်း၌ အိမ်ထောင်စု(၄၀)စု လူဦးရေ(၁၉၂)ဦးတို့အား ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားပြီး လာရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)