မိုးကုတ် မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစ၍ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲမေးခွန်းနှင့် အဖြေလွှာများ၏ လုံခြုံရေး၊ ဖြေဆိုစဥ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ယာယီ ဆေးခန်းဖွင့်လှစ်မှု ဆောင်ရွက်ပေးရေး၊ စာမေးပွဲတွင် ကြီးကြပ်မည့် ဆရာ/ဆရာမများ၏ လုံခြုံရေးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုမည့်အချိန်ဇယား၊ ဖြေဆိုခွင့်ကတ်ပြားများတစ်ပါးတည်းယူဆောင်လာရေးတို့ကို တာဝန်ရှိဆရာ/ဆရာမများက ကြီးကြပ်ရေးစသည်တို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲကို အန္တရာယ်ကင်းစွာဖြေဆိုနိုင်ရေးအတွက်လုံခြုံရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်မကျရောက်ရေးတို့အတွက် ဆောင် ရွက်မည့်အစီအစဥ်များကို ထပ်မံ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မူမူဆွေက စာမေးပွဲမေးခွန်းများ၊ ဖြေလွှာများဆောင်ရွက်မည့် အစီအစဥ်တို့ကိုဆွေးနွေးတင်ပြပြီး စာမေးပွဲအပြင်စည်းတွင် တာဝန်ကျသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း မိမိတို့ဆောင်ရွက်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေး တင်ပြရာတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)