လင်းခေးခရိုင်အတွင်းရှိ ဝေးလံဒေသ မိုင်းပန်မြို့နယ် ပန်ပိ၊‌ နောင်ချို၊ နောင်လေကျေးရွာနှင့် နောင်လွန်းဒေသများသို့ တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လင်းခေး မတ်၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် စစ်ဗျူဟာအဖွဲ့(အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး သန့်ထင်စိုး၊ လင်း‌ခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူးဦးနေဝင်းနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်တို့သည် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၂၈ ရက်နေ့က လင်းခေးခရိုင် မိုင်းပန်မြို့နယ်ပန်ပိဒေသရှိ ပန်ပိ(မိုက်ပုတ်)ကျေးရွာ၊ နောင်ချို၊ နောင်လေကျေးရွာနှင့် နောင်လွန်းကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက် သွယ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အဆိုပါ ကျေးရွာရှိ ပြည်သူများ တင်ပြတောင်းခံမှုအပေါ် စစ်ဗျူဟာမှူးနှင့် ခရိုင်ဥက္ကဋ္ဌတို့က ဖွံ့ဖြိုးရေး လုပ်လုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားဆောင်ရွက်သွားနိုင်ရေး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆက်လက်၍ ကျေးရွာများ၏ မြေပြင်အခြေအနေများကို ကွင်းဆင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ထို့နောက် စစ်ဗျူဟာမှူးနှင့်အဖွဲ့သည် ဖော်ပြပါ ကျေးရွာများရ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္တုအစုစုတို့ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ဩဝါဒခံယူခြင်းများပြုခဲ့ကြပြီးနောက် မွန်းလွဲ နာရီခွဲတွင် လင်းခေးမြို့သို့  ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

အဆိုပါလင်းခေးခရိုင်အတွင်းရှိ ပန်ပိဒေသအတွင်းရှိ ကျေးရွာများသည် လင်းခေး မြို့မှ (၆၀)မိုင်ကျော် ဝေးလံသောနေရာဖြစ်ပြီး လင်းခေးခရိုင်နှင့် မိုင်းပန်မြို့နယ်မှ တာဝန်ရှိသူတို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသများဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)