မောင်တော မတ် ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီး ရွှေထီးတော်တင်လှူ ပူဇော်နိုင်ရန်အတွက် မူလရွှေထီးတော်ဟောင်းအား ယနေ့ ၉ နာရီအချိန်က တာဝန်ရှိသူများက ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။
ထိုသို့ မူလရွှေထီးတော်အား ပြန်လည်ပင့်ဆောင်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် အောင်မြေ ဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် စသည့် ဘုံအဆင့်အား စနစ်တကျပြန်လည် ပင့်ဆောင်သိမ်းဆည်းပြီး ဟောင်းနွမ်းပျက်စီးနေသည့် ဘုံအဆင့်များ အသစ်ပြန်လည် မွမ်းမံပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ်စေတီတော်မြတ်တွင် မတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ အသံမစဲပဋ္ဌာန်း ရွက်ဖတ် ပူဇော်ခြင်း၊ မတ်လ ၂၂ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ ထိ ပွဲတော်အား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီး ဗုဒ္ဓပူဇနိယပွဲတော် နှင့် ရွှေထီးတော်တင် လှူပူဇော်ပွဲတွင် လှူဒါန်းနိုင်ရန်အတွက် နဝကမ္မအလှူငွေ ၊ ဆွမ်း ၊ စက် သုံးဆီ ၊ အသံချဲ့ စက် ၊ ကုက္ကား ၊ တံခွန် ၊ သစ်သီးဆွမ်း ၊ စေတီတော်လှိုဏ်ဂူအတွင်း ဆက်ကပ်မည့် ပန်းအိုး ၊ ပန်း၊တံခွန်လုံးတော်များ စသည့်တို့ကို လှူဒါန်းနိုင်ရန်အတွက် စေတီတော်ဂေါပက ဖုန်းနံပါတ်များ ဖြစ်သော ၀၉၂၅၀၃၂၆၃၀၀ ၊၀၉၄၂၁၇၃၃၀၅၃ ၊ ၀၉၂၅၀၃၃၀ ၂၅၀ ၊ ၀၉၄၅၈၃၆၂၈၀၈ ၊ ၀၉၂၅၀၇၅၅၉၈၆ တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)