ချမ်းအေးသာစံ မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော် ၁၀)ရက်နေ့တွင် ချီးမြှင့်လိုက် သော ၂၀၂၂ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုတံဆိပ်များ အပ်နှင်းခြင်းနှင့် ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဖြင့် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဦးတည်ချက်များနှင့်အညီ ကဏ္ဍအသီးသီးတွင် ထူးခြားထက်မြက်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးများကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာအဆင့်မီအောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင် နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များ တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်၊ မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ကြသည့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ အပ်နှင်းဂုဏ်ပြုချီးမြှင့်လျက် ရှိပါကြောင်း၊ ယနေ့အခမ်းအနားမှာ နိုင်ငံတော်မှ ၂၀၂၂ခုနှစ် နိုဝင် ဘာလ ၁၇ရက်က ချီးမြှင့်လိုက် သည့် ၂၀၂၂ခုနှစ်အတွင်း ဂုဏ်ထူးဆောင်တံဆိပ်ရရှိခဲ့သူများအား ဆုတံဆိပ်များ ချီးမြှင့် အပ်နှင်း ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ လူမှုထူးချွန် ဆုရရှိသူများမှာ မိမိတို့၏ စေတနာ၊ မေတ္တာ၊ သဒ္ဒါ၊ ဝါသနာ၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ အနစ်နာခံသည့် စိတ်ဓာတ်တို့အားအရင်းခံ၍ ကိုဗစ်-၁၉ တတိယလှိုင်းနှင့် စတုတ္တလှိုင်းကာလများအတွင်း အရေးပေါ်လိုအပ်နေသော ဆေးရုံသုံး Liquid Oxygen Boxer များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အချိန်နှင့်တစ်ပြေးညီ ဝယ်ယူသယ်ဆောင် လှူဒါန်းပြီး ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များ၏ အသက်အန္တရာယ်များကို အချိန်မီကယ်တင်နိုင်ခဲ့ခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ကွပ်ကဲ ဖွင့်လှစ်ခဲ့သော ကိုဗစ်ကုသရေးစင်တာများတွင်လာရောက်ကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါခံစားနေရသည့် လူနာများ၊ လူနာစောင့်များနှင့်ဆရာဝန်များ၊ သူနာပြုများ၏ နေထိုင်စားသောက်ရေး၊ သွားလာရေးအခက်အခဲမရှိအောင် ဆောင်ရွက်ပေးခဲ့မှုများနှင့် လိုအပ်သည့် ကိစ္စရပ်အဝဝများအား အဆင်ပြေချောမွေ့စေရန် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးမှုများ၊ ရဲဗလတံဆိပ်ရရှိသူမှာလည်း နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့မှုတို့ကြောင့် နိုင်ငံတော်မှချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရန် ပုံငွေရှာဖွေရေးကော်မတီတွင် စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်ပေးခဲ့သူများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိအမှတ်ပြုပါကြောင်း၊ ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းသည် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်ညီပြီး နိုင်ငံ့အကျိုးပြည်သူ့ အကျိုးများကို ဆထက်ထမ်းပိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးနိုင်ကြပါစေကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင်ကိုကိုဦးတို့က နိုင်ငံတော်မှ ချီးမြှင့်လိုက်သည့် လူမှုထူးချွန် တံဆိပ်(ပထမဆင့်)ဆုရ (၁)ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်) ဆုရ(၁)ဦး၊ လူမှုထူးချွန်တံဆိပ်(တတိယဆင့်)ဆုရ (၈)ဦး၊ ရဲဗလတံဆိပ်ဆုရ (၁)ဦးတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထပ်ဆင့် ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများကို ချီးမြှင့် ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး မြို့တော်ဝန် သီရိပျံချီဦးကျော်ဆန်းတို့က ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေး ကော်မတီတွင်စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်(၃၄)ဦးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဂုဏ်ပြု မှတ်တမ်းများကိုပေးအပ်ပြီးနောက် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ၊ လူမှု ထူးချွန်တံဆိပ်(တတိယဆင့်)ဆုရ ဦးကျော်ကျော်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီးနောက် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်း Video clip အား ပြသခဲ့ပြီး ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသည့် လူပုဂ္ဂိုလ် (၁၁)ဦး၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ဇာလှိုင်