နွေရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျိုက်မရော    မတ် ၁

ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိနေပီးဖြစ်၍  ကျိုက်မရောမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းကစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်မော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်နှိုးဆော် ခဲ့ကြသည်။

ထိုကဲ့သို့ မီးဘေးလုံခြုံရေးနှိုးဆော်အသိပေးရာတွင် ပြည်သူများအနေဖြင့်  မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များအား မီးရှို့ရှင်းလင်းမည်ဆိုပါက  မြို့​နယ်မီးသတ်ဦးစီးဌာနသို့ ကြိုတင်အသိပေးထားကြရန်နှင့် စနစ်တကျဆောင်ရွက်ရန်၊ လူနေအိမ်အနီးပတ်ဝန်းကျင်၌ မီးလောင်လွယ်သည့် ဆီပီပါ၊ ရော်ဘာပြားများ သိုလှောင်ထားရှိခြင်းမပြုရန် မီးလောင်ခြင်းကိုအားပေးသည့် ပစ္စည်းများလည်းမထားရှိကြရန်၊ ထမင်းဟင်းများချက်ပြီးပါက မီးကိုစနစ်တကျငြှိမ်းသတ်ထားကြရန်၊   တက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေဆိုရန် နီးကပ်နေပြီးဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးတို့အတွက် မိမိတို့နေအိမ်ရှိ အမှိုက်သရိုက်များအား မီးရှို့ခြင်းမပြုလုပ်ကြရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် မီးဂျိတ်၊ မီးကတ်များ၊ ရေကန်များ၌ ရေအပြည့်ဖြည့်ထားရန်၊ မီးသတ်ဆေးဘူးများအား အသင့်ထားရှိကြရန်စသည့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို လှည့်လည်၍ပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)