ပျော်ဘွယ်မြို့နယ်တွင် ကြက်သွန်နီစိုက်တောင်သူများ ကြက်သွန်ပေါ်ချိန် ဈေးကောင်းရရှိရန် မျှော်လင့်

ပျော်ဘွယ် မတ် ၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စပါး၊ ဝါ၊ ပဲ၊ ပြောင်း စသည့်အဓိကသီးနှံများကို စိုက်ပျိုးလျက်ရှိသလို မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီကိုလည်း အချို့ကျေးရွာများတွင် အဓိကသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပျော်ဘွယ်မြို့နယ်၊ တောတွင်လှကျေးရွာနေ တောင်သူ မတင်စန်းက “ကျွန်မအနေနဲ့ ကြက်သွန်နီ ကျင်းပေါင်း (၃၅၀)စိုက်ပျိုးထားပါတယ်။ ပျိုးထောင်ချိန်ကစပြီး ဆွတ်ခူးလို့ရတဲ့အချိန်အထိ (၆)လခန့်ကြာပါတယ်၊ အချို့ကတော့ ပျိုးမထောင်ပဲ မျိုးဝယ်စိုက်ပျိုးတဲ့သူတွေလည်းရှိပါတယ်။ စတင်စိုက်ပျိုးချိန်ကစပြီးမြေဩဇာကျွေးတာ၊  အပင်အားတိုးဆေးတွေကျွေးတာ၊ မြေအောက်ရေနဲ့ စိုက်ပျိုးတာဖြစ်တဲ့အတွက် စက်သုံးဆီ ဝယ်ယူသုံးစွဲရတာ စတာတွေပေါင်းရင်း ကျင်းပေါင်း(၃၅၀)အတွက်ဆို ယနေ့ကုန်ဈေးနှုန်းတွေအရ စိုက်ထုတ်ငွေကျပ် (၁၃)သိန်းဝန်းကျင်ခန့်ကုန်ကျပါတယ်” ဟုရှင်းပြသည်။

ယခင်နှစ်ကြက်သွန်နီပေါ်ချိန်တွင် ပွဲစားများမှဝယ်ယူမှုသည် အမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင်ကျပ် (၃၀၀၀)ထိ ဝယ်ယူခဲ့ကြပြီး ယနေ့အချိန် တွင် ကြက်သွန်နီတစ်ပိဿာလျှင် (၁၀၀၀)ကျပ်သာရှိကြောင်း၊ယခုနှစ် ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်စိုက်တောင် သူများအနေဖြင့် ဈေးကောင်းရရှိ ရန်နှင့်အရှုံးမပေါ်စေရန် မျှော်လင့်နေကြောင်း ကြက်သွန်စိုက် တောင်သူများထံမှသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)