ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၅၀)ဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးသတ်​ဆေးဘူး​ဖြင့်မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသ

ဒဂုံမြောက် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်​ဆေးဘူး​ဖြင့် မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းပေါ်ရှိ အမှတ်(၅၀)ဈေးတွင် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းလတ်ပိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် နှင့်ဝန်ထမ်းများကဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းလတ်ပိုင်ဦး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးအတန်းစားများအား ရှင်းလင်းခြင်း၊ မီးငြိမ်းသတ်နည်း (၄)နည်းအားရှင်းလင်းခြင်း၊ ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်းအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက အမှတ်(၅၀)ဈေးရှိ ဈေးတာဝန်ခံများနှင့် ဈေးသူ‌ဈေးသားများအား မီးသတ်​ဆေးဘူး​ဖြင့်မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် စစ်​ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)