ဂွ မတ် ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဌာနဆိုင်ရာများအနေဖြင့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ယနေ့နံနက် (၈) နာရီတွင် သိမ်ကုန်းသာသနဗိမ္မာန်တွင် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများမှ စာရင်းကောက်ခံချက်အရ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မီးယပ်၊ မီးဖွားနိုင်သည့်လူနာ၊ အထွေထွေ၊ ခွဲစိတ်၊ သွား၊ အရိုး၊ ကလေးအထူး ကုစသည့် ရောဂါ (၉) မျိုးခန့်အား ကုသရန် လူနာဦးရေ (၂၀၀) ခန့်ရှိကြောင်း၊ ဆေးကုသပေး မည့်ရက်မှာ မတ်လ (၁) ရက်မှ မတ်လ (၃) ရက်နေ့ထိ လျာထားကြောင်း၊ ခွဲစိတ်လူနာများကို ကမ်းထိုးယာဉ်ဖြင့် သင်္ဘောဆီသို့ ခေါ်ဆောင်ကာ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ (၃) ရက်အတွင်း လာရောက်မည့် လူနာရှင်များနှင့် ကူညီဆောင်ရွက်ပေးမည့်အဖွဲ့အား လိုအပ်သည့် အာဟာရများအား လှူဒါန်းပါက လှူဒါန်းနိုင်ကြောင်းနှင့် တပ်မတော်ရေ၊ မြို့နယ်ထွေ/အုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ထို(၃)ရက်အတွင်း စားသောက်ဖွယ်ရာများအား လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း၊ ဌာနဆိုင်များအနေဖြင့် အဆိုပါရက်များအတွင်း လုပ်ငန်းများ အောင်အောင် မြင်မြင်နှင့် အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မတ်လ (၅) ရက်နေ့ တပေါင်းလပြည့်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများ ပါဝင်လောင်းလှူနိုင်ရေး၊ မတ်လ(၈)နေ့မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန (၃) ခုတွင် တာဝန်ကျဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆက်လက်ပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကိုလည်း ယခင်နှစ်များနည်းတူ အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း၊ အိမ်ခြံမြေနဲ့ အဖိုးတန်သတ္တုဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ မြို့နယ်အတွင်း လုပ်ငန်းရှင်များ၊ အကျိုးတော်ဆောင်များအား ယခင်ကအစည်းအဝေး ခေါ်ယူထားပြီးဖြစ်သည့် အတွက် ညွှန်ကြားချက်များအရ သတ်မှတ်ထားသည့် ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဖိုးတန်သတ္တု ရောင်းဝယ် သူများအနေဖြင့်လည်း မြို့နယ်မှတ်ပုံတင်ရေးရုံးတွင် အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း အဆိုပါလုပ်ငန်း လုပ်ကိုင်မည့် ကာယကံရှင်များအား တရားဝင်အသိပေး ပြောကြားပေးစေလိုကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် ပွဲလမ်းသဘင် ကျင်းပရေးနှင့်ပတ်သက်၍ သုံးပတ်ကြိုတင် ခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက် တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်