ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိပရိယတ္တိ စာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်သို့တက်ရောက်

ဆီဆိုင် ဖေဖော်ဝါရီ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိစာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် သာသနဝိသုဒ္ဓိစာသင်တိုက်ဆရာတော် ဦးမုနိဒ္ဓတို့က ငွေရတုသဘင်ပွဲတော် မုဒ်ဦးအား နမောတဿ ဗုဒ္ဓပဏာမဖြင့် သုံးကြိမ်ရွတ်ဆို၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆင်ရတနာဖြင့် ပိဋိကတ်သုံးပုံတင်ဆောင်၍ ဝေဇယန္တာပြဿဒ် ပဒေသာတို့ဖြင့်ပွဲဝင်ပြီး သာသနဝိသုဒ္ဓိ ပရိယတ္တိစာသင်တိုက်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သွန်းမုန့်ကျောင်းထိုင်ဆရာတော်၊ လွယ်စဲ့ဓမ္မစရိယဆရာတော်တို့က နမောတဿ ဗုဒ္ဓပဏာမဖြင့် သုံးကြိမ်ရွတ်ဆို၍ သာသနဝိသုဒ္ဓိ စာကြည့်တိုက်နှင့် သာသနဝိသုဒ္ဓိစာသင်တိုက်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် အထိမ်းအမှတ် သမိုင်းပြခန်းတို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က သာသန ဝိသုဒ္ဓိစာသင်တိုက်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် အထိမ်းအမှတ် ဒေသဆိုင်ရာ သမိုင်းပြခန်းအား လှည့်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)