နွေရာသီကျောင်းပိတ်ရက်အတွင်း ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင် လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းမှု  များပြား

မိုင်းနောင် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနရုံး စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းခြင်းများ တိုးတက်များပြားလာကြောင်း သိရှိရသည်။

မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ စာသင်နှစ်ကုန်ဆုံး၍ ပြင်ပစာပေဗဟုသုတများ လေ့လာနိုင်စေရန်၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မား၍ စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက် သော နိုင်ငံ့သားကောင်းသမီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ Community Center များ ပြင်ဆင်ကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နေ့စဉ် စာအုပ်၊ စာစောင်များ လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းသည့် ကျောင်းသူ၊ ကျောင်းသားများသည် ရွှေသွေး၊ မိုးသောက်ပန်း၊ ယဉ်ကျေးလိမ္မာစာစောင်များ၊ ပုံပြင်စာအုပ်များ၊ ရိုးရာပုံပြင်ရုပ်ပြများနှင့် ဟင်းချက်နည်း၊ မုန့်လုပ်နည်း၊ ဘာသာစကားစာအုပ်များကို အများဆုံး ဖတ်ရှု၊ ငှားရမ်းကြကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)