ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်

ဘူးသီးတောင် ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင်းပေးခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံအား လိုက်လံကြည့်ရှု စစ်ဆေးအကြံပြုခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ်၊ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီး လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်ဦးကြည်အေးက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးသတ်ဆေးဗူးသုံးစွဲရခြင်းဖြင့် အကျိုးရှိပုံအကြောင်းများအား ရှင်းလင်းပြောကြားကာ DryChemicalpowder (DCP)ဖြင့် ကျန်းမာရေးဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်ဖြင့် အသုံးပြုလေ့ကျင်းပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးထွန်းဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်း လိုင်းခန်းများအား မီးဘေးလုံခြုံရေးဆိုင်ရာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်သွယ်တန်းမှုစနစ်တကျရှိ/မရှိ စစ်ဆေးခြင်း၊မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှကျော်(ပြန်/ဆက်)