ဇေယျာသီရိ ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ခရိုင်စစ် Grade- 5 ကျောင်းသား/ သူစာရင်းရှိ ၂၃၁၈ ဦးတွင် ၂၃၀၄ ဦးသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဝင်ရောက်ဖြေဆိုပြီးစီးခဲ့ပြီး ယနေ့တွင် တိုင်းစစ် Grade-9 ကျောင်းသား/ သူစာရင်းရှိ ၁၆၃၈ ဦးတွင် ၁၆၂၀ ဦး ဖြေဆိုပြီး မတ်လ ၁ ရက်နေ့တွင် သိပ္ပံဘာသာရပ်ကို အပြီးသတ်ဖြေဆိုသွားမည် ဖြစ်သည်။
ကျောင်းသား/ သူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ/မများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)