ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့(Working Group)အဖွဲ့(၄၆)ဖွဲ့အား ထောက်ပံ့ငွေကျပ် သိန်း ၃၁၀ ကျော်အားပေးအပ်ပွဲ ကျင်းပ

လောက်ကိုင် ဖေဖေါ်ဝါရီ ၂၈

ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုလူဦးရေအမှန်စာရင်းရရှိရေး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသည့်အဖွဲ(Working Group)များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အမှာစကားပြောကြားရာတွင် လောက်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းသို့ ၉-၁-၂၀၂၃ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့အထိ အိမ်ထောင်စုရှိလူဦးရေစာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်း (မသန်စွမ်း ၅ မျိုး စာရင်းကောက်ယူခြင်းအပါအဝင်)များကို  ရက်ပေါင်း(၂၀)အတွင်း ပြီးမြောက်အောင်မြင်အောင် စေတနာထားပြီး ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့(Working Group)အဖွဲ့များသို့ ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များထံသို့ လက်ဝယ်အရောက်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်းနှင့် လောက်ကိုင်မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ပေါင်း(၄၆)ဖွဲ့ရှိပြီး အဆိုပါအဖွဲ့များအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၃၁၀ ကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

လောက်ကိုင်(ပြန်/ဆက်)