မော်လမြိုင် ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(ခ)အရ မိသားစုတိုင်းသင်လျော်သည့် ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် သက်မွေးပညာအကြိုသင်တန်းများ၊ သက်မွေးပညာသင်တန်းများသို့ တက်ရောက်နိုင်ရေး လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်အကိုင် အခွင့်အလမ်များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီများ၊ အသင်းအဖွဲ့များက ဆောင်ရွက်ရန်ဖြစ်ပြီး လူငယ်သင်တန်းကျောင်းမှ ကလေးများအတွက် အသက်မွေးဝမ်းကြောင်း ဆိုင်ရာပညာရပ်များဖြစ်သော(၁)အိမ်တွင်း လျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်း၊ (၂) ဂဟေဆက်သင်တန်း၊ (၃) အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းတို့ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပြီး မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ မွန်ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ခဲ့သည့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းမှ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုကြောင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရရှိအောင်ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)