မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ လွဲပြောင်းပေးအပ်

ကျိုက်ထို  စက်တင်ဘာ  ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သထုံခရိုင်ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုးရီးယားသမ္မတနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ(Korea Climate Change Center)အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မြို့နယ်အုပ် ချုပ် ရေးမှူး ဦးရဲဝင်းထိုက်တို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းဗိုလ်က စွမ်းအားမြှင့်မီးဖိုများထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်ကျေးလက်ရှိ ပြည်သူ များကို online မှတစ်ဆင့် သင်တန်းများပို့ချပေးပြီး ယခုအချိန်တွင် လက်တွေ့ပြု လုပ်နိုင်ရန် ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရခြင်းဖြစ်‌ကြောင်း၊ ရရှိလာမည့် အကျိုးရလဒ်များ ကိုလည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း တို့ကိုပြောကြားခဲ့သည်။

ထို့နောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၂၆၃.၄) သိန်းကို တညင်ချောင်း ကျေးရွာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတာ၀န်ခံ ဦးမြင့်နိုင်ထံသို့ လွဲပြောင်း ပေး အပ်ခဲ့ကြောင်းသိရသည်။

ဝင်း‌မောင်(ကျိုက်ထို)