သီပေါ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဋ္ဌောစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတော်အတွင်း၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် သံပြိုင်ညီညာရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရတနာတော်မြတ်သုံးပါးကို ရှိခိုးကန်တော့ကြကာ ဆရာတော်ရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် သံဃာတော်(၈၃)ပါးတို့အား ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ရွတ်ဖတ်၍ ဘုရားကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြကာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ရွှေသာလျောင်း ဘုရားအာရုံခံတန်ဆောင်းတော်အတွင်း၌(၂၈)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားအား အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံသို့ ပဋ္ဌာန်းကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှ (၂၄)ပစ္စည်းအစရှိသောဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကာဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးအား ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ မတ်လ(၆)ရက်နေ့အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘော်ကြိုဘုရားကြီးဂေါပက အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)