သန်လျင် စက်တင်ဘာ ၂၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှအောက်တိုဘာ ၇ ရက်နေ့အထိ မိမိနေအိမ်တွင် သာနေထိုင်သွားစေရန် ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များ တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ပါဝင်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ များဖြစ်သော အဓိကမိန်းလမ်းမကြီးနှင့် မြို့တွင်းနေရာများတွင် ယာဉ်အသွားအလာနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာလာမှု မရှိသလောက် နည်းပါးလာခြင်းအား ယမန်နေ့ နံနက်ပိုင်းက တွေ့ရှိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထပ်မံတွေ့ရှိရပြီး ခရီးသွားရာဇဝင်မရှိသည့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းတို့ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် Stay at Home အစီအစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိပြီး မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန်၊ ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေ့စဉ်မော်တော်ယာဉ်များအပေါ်တွင် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း အဓိကလူစည်းကားရာနေရာများဖြစ်သော ဈေး၊ နာရီစင်၊ ကြက်လျှာစွန်း၊ ဖိုးမြေလမ်းဆုံ နေရာများတွင် မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာပြည်သူများ ပြင်ပထွက်ရှိမှုနည်းပါးလာပြီး ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားနေလာမှုကြောင့် စက်ရုံ၊ အလုပ်ရုံများပိတ်ထားသည့်အတွက် လူစုလူဝေးနည်းပါးလာခြင်းနှင့် ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူမည်ဆိုပါက တစ်အိမ်လျှင် ၁ ဦးသာထွက်ရှိရေး တို့အတွက် ပူးပေါင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ပြင်ပထွက် ဝယ််ယူရန် အခက်အခဲရှိသော ပြည်သူများအား လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ဝယ်ယူသောကုန်ပစ္စည်း၏ ဆိုင်မှသတ်မှတ်ဈေးနှုန်းအတိုင်း ပို့ဆောင်ခ (အခမဲ့) ဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် ပြည်သူများကလည်း Stay at Home ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)