မက်မန်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မီးဘေး လုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မက်မန်းမြို့အတွင်းရှိ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ လူနေအိမ်များတွင် ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဦးဆောင်၍ မက်မန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္တသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာသင်ကျောင်းများအားစစ်ဆေးခြင်း၊ အကြံပြုချက်များပေးခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာများရှိ လူနေအိမ်များနှင့်ဈေးဆိုင်များ၊ အဆောက်အအုံများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မက်မန်းမြို့နယ် မီးသတ်တပ်ဖွဲ့သည် နေ့စဉ်ညနေ ၅ နာရီမှ ည ၈ နာရီထိ မီးဘေးအသိဆော်ဩခြင်းများကိုလည်း လိုက်လံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)