ဟိုပန် ဖေဖော်ဝါရီ ၂၈
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၌(၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အခြားအဖွဲ့အစည်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှပေးအပ်သော လုပ်ငန်းတာဝန်များအား တိုင်း/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များအားလုံးက ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းလုပ်ဆောင်ချက် တတိယဆုရရှိခဲ့ပါကြောင်းနှင့် အဖွဲ့၀င်များအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးရေးရာလုပ်ငန်းသည် လူမှုရေးအသင်းအဖွဲ့ဖြစ်တာနှင့်အညီ စေတနာအရင်းခံ၍ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကာ မိမိတို့လုပ်နိုင်စွမ်းရှိသလောက်အကျိုးဖြစ်စေပြီး ကုသိုလ်ရရှိမည့် လုပ်ငန်းဖြစ်သည့်အတွက် အောင်မြင်မှုလမ်းစတစ်ခုလည်းဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဟိုပန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါနီလာခိုင်က(၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့နှစ်ပတ်လည် အစည်းအဝေးလမ်းညွှန်မှာကြားချက်နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးက ဟိုပန်မြို့နယ် အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ရှေ့ဆက်ဆောင်ရွက်သွားမည့် အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)