ကျောက်မဲ ဖေဖေါ်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှမ်း/ပလောင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သူဇာညွှန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲခရိုင် မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ခိုင်ဝါဝါထွဋ်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပလောင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လွေးစန္ဒာလှိုင်က တအာင်း(ပလောင်) တိုင်းရင်းသားလူမျိုးတို့၏ စာပေ/ယဉ်ကျေးမှုဆိုင်ရာသမိုင်းများ၊ တအာင်း(ပလောင်) လူမျိုးများ၏မျိုးနွယ်စုများ၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာဂီတနှင့် ရိုးရာအကဆိုင်ရာများကိုလည်းကောင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်နန်းရွှေအုံက ရှမ်းလူမျိုးတို့၏ သမိုင်းကြောင်းများ၊ ရှမ်းမျိုးနွယ်စု၊ ရှမ်းစာပေဆိုင်ရာများတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောက်မဲခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ရှမ်း/ပလောင်တိုင်းရင်းသူများအား ၎င်းတို့၏အသင်းအဖွဲ့၏ တံဆိပ်များ၊ အသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပလောင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များ၊ နံရံစာစောင်များ၊ ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်(Museum)များကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)