တပ်ကုန်းမြို့နယ်၌ ပစ်တိုင်းထောင်ဖရုံသီးနှံစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေ

တပ်ကုန်း ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ၊ စိုက်ပျိုးရေးတောင်သူအချို့ မြေအောက်ရေများအသုံးပြုပြီး ပစ်တိုင်းထောင် ဖရုံသီးနှံစိုက်တောင်သူများ သီးနှံအောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

“ကျွန်တော် ယခင်က ဘူးသီးခြံစိုက်ခင်း(ဒသမ ၉၀)ဧကအတွင်းမှာဘဲ ဒေါင်ဘန်စက်နဲ့ ထယ်ရေး၊ ထွန်ရေးမြေပြုပြင်ကာ ကျင်းတစ်ထောင်ခန့် စိုက်ပျိုးပါတယ်၊ ဖရုံသီးမျိုးများကတော့ ဗမာမျိုး၊ ကျောက်စိမ်းမျိုး၊ မောင်တုန်းမျိုးနဲ့ ပစ်တိုင်းထောင်မျိုးဆိုပြီး ရှိကြပါတယ်၊ တောင်သူအနည်းစု ကတော့ ပစ်တိုင်းထောင်သီးမျိုးကို အစိုက်များပါတယ်၊ မျိုးစေ့ကိုတော့ တိုက်ရိုက်မျိုးစေ့ချ စိုက် ထားတယ်၊ မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ရေလောင်းစရိတ်၊ ထယ်စရိတ် စုစုပေါင်းသွင်းအားစုကုန်ကျ စရိတ်ခန့်မှန်းကတော့  သုံးသိန်းဝန်းကျင် ကုန်ကျပါတယ်၊ အခုအပင်တစ်ပင်လျှင် ဖရုံသီးသုံးလုံး နဲ့ လေးလုံးခန့် သီးပြီး၊ ဖရုံသီးတစ်လုံးကို လေးရာကျပ်နှုန်းရရှိတယ်” လို့ ပစ်တိုင်းထောင်ဖရုံသီး စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်