မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ခရိုင်အဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉း၃၀)အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးမှ တက်ရောက်လာကြသော ခရိုင်အတွင်းရှိ မြို့နယ်ရုံးနှင့်မြို့ရုံးများမှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး လစဉ်လုပ်ဆောင်နေရသော ဌာနလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ၊ လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစီမံချက်များနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံး၊မြို့ရုံးများ၏ လုပ်ငန်းလုပ်ဆောင်ချက် အားသာချက်/အားနည်းချက်များကို ထောက်ပြပြောကြားခဲ့ပါသည်။ ထို့နောက် မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်ရုံးများဖြစ်သော ကွတ်ခိုင်မြို့နယ်ရုံး၊ နမ့်ခမ်းမြို့နယ်ရုံးနှင့် မြို့ရုံးများဖြစ်သော မန့်ဟီးရိုးမြို့ရုံး၊ တာမိုးညဲမြို့ရုံး၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရုံးနှင့် မုံးကိုးမြို့ရုံးတို့မှ သက်ဆိုင်ရာတာဝန်ရှိ ဦးစီးအရာရှိများနှင့်ဒုတိယဦးစီးမှူးက မိမိတို့၏ မြို့နယ်ရုံးနှင့်မြို့ရုံးများ ယခင်နှစ်ကဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်များ၊ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးမှ သက်ဆိုင်ရာမြို့နယ်ရုံးများနှင့် မြို့ရုံးများ၏ ဦးစီးအရာရှိများနှင့် ဒုတိယဦးစီးမှူးများကို လစဉ်လုပ်ဆောင်နေရသော လချုပ်အစီရင်ခံစာများနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အားနည်းချက်များကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်၊တွဲဖက်ပြည်နယ်မှူး ဒေါ်နန်းသန္တာဦးမှ ၂၀၂၃ ခုနှစ်၊ လုပ်ငန်းလျာထားစာရင်းနှင့် တွဲဖက်ပြည်နယ်ရုံးမှရေးဆွဲထားသော လုပ်ငန်းစီမံချက်ကို  Zoom-Appဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မူဆယ်ခရိုင်အတွင်းရှိ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ၊ ဝန်ထမ်းသစ်၊ ဝန်ထမ်းငယ်များနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)