ပူတာအို ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ငလျင်ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကွင်းပြင်နှင့် သုံးထပ် ကျောင်းသား အိပ်ဆောင်၌ ကျင်းပသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျောင်းသားများ အိပ်ဆောင်အတွင်း နေထိုင်သည့် ကျောင်းသူ/သားများ ငလျင် လှုပ်ခတ်လာလျှင် တုံ့ပြန်ဆောင်ရွက်ရမည့် အချက်များနှင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခြင်း၊ ငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အဦအတွင်း ပိတ်မိသူများကို ရှာဖွေကယ်ဆယ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ကျန်းမာရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦး သူနာပြုစုပေးခြင်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု စင်တာ/ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်နေမှုများကို ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ကချင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) ကျောင်းခန်းမတွင် ဖေဖော်ဝါရီ(၂၂)ရက်မှ (၂၈)ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာ ဖွင့်လှစ်သည့် သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းများမှ သင်တန်းသား/သူစုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခြင်းကြောင့် ဘေးအန္တရာယ် ကျရောက်လာပါက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည်မြှင့်တင်သည့်အနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူလူထုများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားပါက သဘာဝဘေးများကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူနေမှုစနစ်ထူထောင်နိုင်ပြီး အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဖုန်ကန်(ပူတာအို)