နောင်ချို ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်လင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပါဝင်အားဖြည့်ဆောင်ရွက်ပေးခဲ့ပြီး မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင်များအား ကျောင်းပတ်ဝန်းကျင်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)