နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များ သန့်ရှင်းသပ်ရပ်သာယာလှပစေရေးဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City ၊ Green City ၊ Smart City ဖြစ်စေရေးအတွက် နေပြည်တော်အတွင်း သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များသန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ပြီး မြို့တော်အား Green City၊ Clean City၊ Smart City ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနရုံးများ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ဝန်ထမ်းအပျို/ လူပျိုဆောင်များစည်းစနစ်တကျ နေထိုင်စေရေး၊ အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်များသာယာလှပစေရေးတို့ကို အဓိကထားဆွေးနွေးပေးစေလိုကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက မြို့တော်သန့်ရှင်း သာယာလှပရေး၊ ပြည်ထောင်စုဝန်ကြီးဌာနရုံးများ အတွင်း/အပြင်သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ဝန်ထမ်းအပျို/လူပျိုဆောင်များ စည်းစနစ်တကျ နေထိုင်စေရေး၊ အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်များသာယာလှပစေရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)