ကျောက်ဆည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ စိုက်ဧက (၂၂၇)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ကလိုက်ကျော်(က)မြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅)လုံးအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေပြွန်များသည် ကျောက်ဆည်မြို့နယ် သပြေကုန်းကျေးရွာနှင့် တောတွင်ကျေးရွာ၊ ကလိုင်ကျော်ကျေးရွာတို့၏အနီး ကလိုင်ကျော်(က)မြောင်း၏ မြောင်းအမှတ် အာဒီ(-၂+၆၈၆)မှ(၁၄+၅၀၀) အတွင်းတွင် တည်ရှိပြီး ရေပြွန်များမှာ နဖူးစည်း၊ ကျောက်စီနံရံနှင့် ထိန်းချုပ်ရေတံခါးများမရှိခြင်းကြောင့် ရေလှည့်အတိုင်း စိုက်ပျိုးရေများပေးဝေရာတွင် လိုအပ်သလို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် မြောင်း၏ အထက်ပိုင်းရှိ စိုက်ခင်းများတွင် လိုအပ်သည်ထက်ရေများ ပိုမိုသုံးစွဲနိုင်ပြီး မြောင်းအောက်ပိုင်းရှိ စိုက်ခင်းများတွင် ရေအခက်အခဲရှိသဖြင့် ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း ပြန်လည်ပြုပြင်ရာတွင် ယခင်ရေပြွန်များအစား အကျယ်(၆)ပေ၊အရှည်ပေ(၂၀)သံကူကွန်ကရစ်ရေပြွန်(၃)လုံးနှင့်အကျယ်(၈)ပေ၊အရှည်ပေ(၂၀) သံကူကွန်ကရစ် ရေပြွန်(၂)လုံး စုစုပေါင်း ရေပြွန်(၅)လုံးဖြင့် အစားထိုးခဲ့ပြီး ရေပြွန်များ ရေရှည်တည်တံ့ခိုက်မာစေရေး ရေပြွန်နဖူးထိပ်ဝဲ/ယာဘက်များတွင် ကျောက်သံနံရံများစီပေးပြီး ရေထိန်းတံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ရေပြွန်များ ပြန်လည်ပြုပြင်ပေးခြင်းဖြင့် ကလိုင်ကျော်(က)မြောင်းမှ စိုက်ပျိုးသီးနှံမျိုးစုံ(၂၂၇)ဧကအတွက် ရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့်မြောင်း၏ အထက်ပိုင်းနှင့်အောက်ပိုင်းရှိ စိုက်ခင်းများအား ရေများညီညွှတ်မျှတစွာ ရေထိန်းတံခါးများဖြင့် ပေးဝေးနိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၅.၀၀၀)ကျပ်သန်း အသုံးပြုကာ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)