မိုင်းယု ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲက နေကြာစိုက်ရာတွင် မျိုးကောင်းမျိုးသန့် ဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာကို ရွေးချယ်စိုက်ပျိုးသင့်ပါကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ဒေသနေ ပြည်သူများအတွက် စားသုံးဆီဖူလုံရေးနှင့် တစ်ဖက် တစ်လမ်းမှလည်း ဝင်ငွေများရရှိနိုင်ပါကြောင်း၊ နေကြာ တစ်မျိုးထဲကို တည်းသန့်မစိုက်ပျိုးပဲ ဝဥနှင့် သီးညှပ်စိုက်ပျိုးထားနိုင်မှု၊ နေကြာစိုက်ပျိုးမှုအတွက် စိုက်ပျိုးထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် EM ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှု အခြေအနေများ တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ရုံးတွင်း စိုက်ပျိုးမြေတွင် စိုက်ပျိုးထားသည့် နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့် EMဘိုကာရှီသဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းတို့ကို လက်တွေ့ပြသခဲ့ကြပြီး စိုက်ပျိုးရေး ဦးစီးဌာနမှထုတ်ဝေသည့် “နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့် ကောင်းများ” လက်ကမ်းစာစောင်တို့ကို တက်ရောက်လာသည့် ဌာနဆိုင်ရာနှင့် တောင်သူတို့အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်