တိုက်ကြီးမြို့နယ်တွင် အလယ်တန်းဆင့် Grade–9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

တိုက်ကြီး      ဖေဖော်ဝါရီ       ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် Grade -9 ပြီးမြောက်အောင်မြင်ပါက အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဆက်လက်သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများအား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရေး အသိပညာပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်(၅၀)ခရိုင်ရှိ မြို့နယ်များမှ အခြေခံပညာအထက်တန်းကျောင်း(၅၁)ကျောင်းတို့တွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံပညာအထက်တန်းအဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုးကို ရွေးချယ်သင်ယူနိုင်မည့်အခွင့်အလမ်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ခရိုင်ပညာရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ ကြောငြာသင်ပုန်းများတွင် ပြသထားခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့်မည်သူမဆို တက်ရောက်သင်ယူနိုင်ရေး လျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းပိုမို ရရှိနိုင်မှာဖြစ်ကြောင်း၊ ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် နိုင်ငံပိုင်သတင်းစာများနှင့် မီဒီယာများတွင် အသိပညာပေးကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)