မြေပုံ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင် စခန်းအသီးသီးတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၇)ရွာတို့မှ နေရပ်ပြန်ကြမည့် ယာယီ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၉၂)စုအတွက် ထောက်ပံ့ငွေကျပ်သိန်း(၉၆၀)အားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေရပ်ပြန် ပြောင်းရွှေ့စရိတ် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းစီဖြင့် အိမ်ထောင်စု (၁၉၂)စုအတွက် ငွေကျပ်(၁၉၂)သိန်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်ဗှူး ရဲကျော်အောင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် လူ(၁)ဦး ဆန်ရိက္ခာ (၁)လစာနှုန်းဖြင့် ထောက်ပံ့ငွေ (၆,၈၇၆,၀၀၀)ကျပ်အားလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းက လူသုံးကုန်ပစ္စည်း(၁၇)မျိုး ပါ Family Kit (၁၉၂)ပုံတို့ကို ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦးနှင့် တာဝန်ရှိသူများက နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင် ဒေသခံပြည်သူများကို အားပေးစကား ပြောကြားပြီး လိုက်လံနှုတ်ဆက်ပို့ဆောင်ပေးကာ မိမိနေရပ်အသီးသီးသို့ သယ်ဆောင်မည့် ပစ္စည်းများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရပ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေအိမ်အရောက် မော်တော်ယာဉ်၊ စက်လှေများဖြင့် ကူညီသယ်ယူရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တင်ဝင်း