ညောင်ဦး ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်းရှိ စာသင်တိုက်များတွင် သီတင်းသုံးနေထိုင်လျက်ရှိသော စာသင်၊ စာချသံဃာတော်များ အတွက် ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လှူဖွယ်ဝတ္တု ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့၊ အောင်ဇေယျရပ်ကွက်၊ ဇေယျဝတီစာသင်တိုက်တွင် လှူဒါန်းပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က အခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် ဇေယျဝတီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအရိယအရှင်သူမြတ်ထံမှ ခံယူဆောက်တည်ပြီး ကြွရောက် လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော် နာယူကြည်ညိုကြ ကာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာမျာ၊ ခရိုင်စည်းရုံးရေးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့က လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ဇေယျဝတီစာသင်တိုက် ပဓာနနာယကဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြောင်း သိရသည်။
ယခုလှူဒါန်းမှုသည် ညောင်ဦးခရိုင်အတွင်း စာသင်၊ စာချသံဃာတော်ကျောင်းတိုက်များအတွက် ဆဋ္ဌမအကြိမ်မြောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြာဇံ၊ ကြက်ဥ ၊ ငါးပိရည်ချို ၊ ဆပ်ပြာမှုန့်များနှင့် ဝတ္တုငွေ ကျပ်ငါးသိန်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ဒီပါလင်း