ရွှေပြည်သာ စက်တင်ဘာ ၂၉
ရွှေပြည်သာမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများ မဖြစ်မနေကိစ္စမှလွဲ၍ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန် ရပ်ကွက်၊ကျေးရွာများအတွင်း ကြေညာပြီးဖြစ်သည့် အတွက် ပြည်သူများ အဆိုပါညွန်ကြားချက်များအား တိကျစွာလိုက်နာကြရန်နှင့် နယ်မြေ ကျော်လွန်ထွက်ခွာခြင်းမပြုကြရန် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက လှော်ကားလမ်းဆုံ၊ ဇီးကုန်းကျေးရွာ ဆောက်လုပ်ရေးမှတ်တိုင်တို့တွင် ဆက်လက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် အဖွဲ့(၂)ဖွဲ့ခွဲ၍သွားလာနေသော လူနှင့်ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပထွက်ခွာသည့် အကြောင်းရင်း ခိုင်လုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ မေးမြန်းခြင်း ပြုစေပြီး ယာဉ်များအား နယ်မြေကျော်လွန်မောင်းနှင်ခြင်းမပြုကြရန်နှင့် Stay at Home ကာလအတွင်း ပြည်သူများ ကျန်းမာရေးနှင့် စားသောက်ရေးအတွက် စျေးဝယ်ရန် ကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့မထွက်ကြရန်၊ မဖြစ်မနေထွက်ရမည်ဆိုပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ထွက်ခွာကြရန် အသိပညာပေး ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေးအေးမိုး (ပြန်/ဆက်)