ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ကလေးသူငယ် ဥပဒေအခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ဥပဒေအခွင့်အရေးများဆိုင်ရာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်္ဂီအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်းကလေးသူငယ်များအပေါ် အမြတ်ထုတ်ခြင်း၊ ခေါင်ပုံဖြတ်ခြင်း၊ အလွဲသုံးစားခြင်းများ များစွာတွေ့ရှိကြားသိရပြီး၊ ကလေးသူငယ် မှုခင်းများလည်းဖြစ်ပွားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (NCRC) ကိုဖွဲ့စည်းခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ် CRC ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာလည်း မြို့နယ်အဆင့်ကော်မတီကို မိမိမြို့နယ်အတွင်း ကလေးသူငယ်များ အကျိုးဆောင်ရွက်နိုင်‌ရေးအတွက် ဖွဲ့စည်းထားရှိပြီး ကလေးသူငယ်များ၏ အဓိကကျသော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောက်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကလေးသူငယ်များ၏ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုမြင့်မားသည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး‌ နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းဆွိက ကလေးသူငယ်ဆိုင်ရာဥပဒေများကို Social Management Information System-SMIS စနစ်အသုံးပြုခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဌာနမူလတန်းကြိုကျောင်းများတွင် ပြုစုပျိုးထောင်ပေးလျက်ရှိသော ကလေးငယ်များအား ကျောင်းကြို/ ကျောင်းပို့ပြုလုပ်ရာတွင် ကျောင်းကြိုကဒ်ပါမှသာ က‌လေးငယ်များအား မိဘအုပ်ထိန်းသူထံသို့ စနစ်တကျအပ်နှံကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)