မိုင်းဖြတ် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁)တပ်မတော်ဆေးရုံခုတင်(၁၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းဟဲကျေးလက်ကျန်းမာရေးဌာန၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၁)တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကျော်စွာဝင်းဦးစီးသည့် အဖွဲ့(၁၇)ဦးသည် မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုအား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့်ဇနီးတို့မှ ကျန်းမာရေးလာရောက်ကုသသူများအား အချိုရည်၊ မားမားခေါက်ဆွဲနှင့် မုန့်များကိုဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)