သာကေတမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်

သာကေတ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အခြေခံအားကစားသင်တန်းများအား ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ (အခမဲ့)ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီ အားကစားသင်တန်းများအား ဖွင့်လှစ်ရာ၌ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များမှ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အားကစားလိုက်စားခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ် အားကစားလူငယ်များ ပေါ်ထွန်းစေရန်ရည်ရွယ်ကာ ဘောလုံးအားကစားနည်း အခြေခံသင်တန်း၊ ဘော်လီဘောအားကစားနည်း အခြေခံသင်တန်းများ အားမြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ ဘောလုံးနည်းပြ ဦးအောင်မင်းဦးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး၊ ဘော်လီဘော နည်းပြ ဒေါ်ခိုင်ဝေဝေနှင်း တို့မှသာကေတမြို့နယ် ၄/တောင် ရပ်ကွက်၊အားကစားကွင်း၌ လည်းကောင်း၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း အားကစားကွင်း၌လည်းကောင်း သင်တန်းကာလ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ထို့ပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယဉ်ကျေးလိမ္မာ အခြေခံသင်တန်းနှင့် Physical Fitness dance သင်တန်းများအား မတ်လ (ပထမ)ပတ်နှင့် (ဒုတိယ)ပတ်များ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (အခမဲ့) ဖွင့်လှစ်မည်ဖြစ်သည်။

လူငယ်များဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်ကာဖွင့်လှစ်မည့် နွေရာသီအားကစား အခြေခံသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ အခြေခံသင်တန်းအားစာရင်း ပေးထားသည့် ကျောင်းသားလူငယ်များအပြင် တက်ရောက်လိုသည့် လူငယ်များမှ (အခမဲ့) တက်ရောက်သင်ကြားနိုင်ရန် သင်တန်းဖွင့်လှစ်မည့် သက်ဆိုင်ရာ ဌာနများသို့ စုံစမ်းတက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)