စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းဆွေးနွေး

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လာမည့်ပညာသင်နှစ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းများတွဲဖက်ဖွင့်လှစ်၍ သင်ကြားသွားမည်ဖြစ်ရာ၊ Grade-9 သင်ယူပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အခွင့်အလန်းကောင်းများ ရရှိနိုင်မည်ဖြစ်သဖြင့် ရွေးချယ်တက်ရောက်နိုင်ရေး၊ တတိယအကြိမ်မြောက် အသိပေးရှင်းလင်းပွဲကို၊ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း ဖွင့်လှစ်ခွင့်ရရှိခဲ့ရာ၊ လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ Grade-9 သင်ယူပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအတွက် မိမိတို့နှစ်သက်ရာ သက်မွေးဝမ်းကျောင်းဘာသာရပ်တစ်ခုခုကို ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလန်းကောင်းများရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယခင်က ရေငံကျေးရွာတွင်လည်းကောင်း၊ လက်ပံပျားကျေးရွာတွင်လည်းကောင်း အသိပေးရှင်းလင်းခဲ့ပြီး၊ ယခုအခါ တတိယအကြိမ်မြောက် ရှင်းလင်းခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ပြောပါသည်။ အဆိုပါ အသိပေးရှင်းလင်းဟောပြောရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က မိမိတို့မြို့နယ်အတွင်း လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သွားမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းများနှင့်ပတ်သက်၍ တွဲဖက်သင်ယူတက်ရောက်နိုင်မည့်အခြေအနေများ၊ အဆိုပါသင်တန်းများသင်ယူပြီးမြောက်ပါက မိမိတို့ကြိုးစားမှုအရ တက္ကသိုလ်၊ ဒီကရီကောလိပ်များကို အဆင့်ဆင့်ပေါင်းကူးတက်ရောက်နိုင်မည့်အခြေအနေများ၊ သင်တန်းတက်ရောက်နေသည့် ပညာသင်နှစ်များတွင်လည်း နိုင်ငံတော်မှ ပညာသင်စရိတ်အနေဖြင့် လစဉ်၊ တစ်လ တစ်သောင်းကျပ် ထောက်ပံ့ပေးအပ်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပေးရှင်းလင်းဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၂၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်